မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်း
Myanmar Association of Chemical Engineering
(MAChE)
ဖွဲ့စည်းပုံ နှင့် အခြေခံစည်းမျဉ်း
၂၀၁၈-ခုနှစ်၊ မတ်လ(၂၄)ရက်
အခန်း(၁)
အမည်နှင့်အဓိပ္ပါယ်ဖေါ်ပြချက် |
၁။ ဤအသင်းကို မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်း (Myanmar Association of Chemical Engineering) ဟု ခေါ်တွင်စေရမည်။ ၂။ ဤဖွဲ့စည်းပုံနှင့် အခြေခံစည်းမျဉ်းတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖေါ်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်။ (က) အသင်းဆိုသည်မှာ မြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်း (Myanmar Association of Chemical Engineering) ကိုဆိုလိုသည်။ (ခ) မြန်မာနိုင်ငံအတွင်းရှိ အစိုးရအသိအမှတ်ပြုနည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများဆိုသည်မှာ ဓာတုအင်ဂျင်နီယာနှင့် ဆက်စပ်ဘာသာရပ်များကို သင်ကြားခဲ့သော (သို့မဟုတ်) သင်ကြားနေသော မြန်မာနိုင်ငံအတွင်း မည်သည့်ဒေသတွင်မဆို တည်ရှိသည့်အစိုးရအသိအမှတ်ပြုနည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများကိုဆိုလိုသည်။ (ဂ) ဆက်စပ်ဘာသာရပ်များဆိုသည်မှာ ဓာတုအင်ဂျင်နီယာဘာသာရပ်၏ ဆက်စပ်ဘာသာရပ်များဖြစ် သော အစားသောက်နှင့် ဓာတုနည်းပညာဒီပလိုမာ၊ ပလတ်စတစ်နှင့်ရာဘာနည်းပညာဒီပလိုမာနှင့် လောင်စာနှင့် တွန်းကန်ပစ္စည်းအင်ဂျင်နီယာစသည့် ဘာသာရပ်များကိုဆိုလိုသည်။ (ဃ) ဓာတုအင်ဂျင်နီယာများဆိုသည်မှာ အောက်ပါတို့ကိုဆိုလိုသည်။ ၁။ မြန်မာနိုင်ငံအတွင်းရှိ အစိုးရအသိအမှတ်ပြု နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများမှ ဓာတုအင်ဂျင်နီယာနှင့် ဆက်စပ်ဘာသာရပ်များနှင့် သက်ဆိုင်သော ဘွဲ့၊ ဒီပလိုမာရရှိခဲ့သူများ ၂။ ပြည်ပနိုင်ငံတစ်ခုခုရှိ အသိအမှတ်ပြုတက္ကသိုလ်များမှ ဓာတုအင်ဂျင်နီယာနှင့် သက်ဆိုင်သော ဘွဲ့၊ဒီပလိုမာရရှိသူမြန်မာနိုင်ငံသားများ (င)ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဆိုသည်မှာမြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်း၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ဆိုလိုသည်။ (စ)အလုပ်အမှုဆောင်အဖွဲ့ဆိုသည်မှာမြန်မာနိုင်ငံဓာတုအင်ဂျင်နီယာအသင်း ၏အလုပ်အမှုဆောင် အဖွဲ့ကို ဆိုလိုသည်။ |
တည်နေရာ |
(က)အသင်း၏ရုံးခန်းတည်နေရာမှာ အမှတ်(၁၁၅)၊ကနောင်မင်းသားကြီးလမ်း၊စက်မှုဇုန်အပိုင်း(၁)၊ လှိုင်သာယာ စက်မှုမြို့တော်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံ ဖြစ်ပါသည်။ (ခ) အသင်း၏တည်နေရာကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြောင်းလဲနိုင်သည်။ |
ရည်ရွယ်ချက်များ |
၄။ အသင်း၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ (က) အသင်းဝင်များအချင်းချင်းရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုတိုးတက်စေရေးနှင့် ပညာရေး၊ လူမှုရေးကိစ္စရပ်များတွင်း အသင်း၏ဦးဆောင်မှုဖြင့် အတူတကွပူပေါင်းဆောင်ရွက်ရန်။ (ခ) အသင်းဝင်များ၏အင်ဂျင်နီယာကျင့်ဝတ်နှင့် အရည်အသွေးတို့ကို ထိန်းသိမ်းမြှင့်တင်ရန်။ (ဂ) ဓာတုအင်ဂျင်နီယာများနှင့် သက်ဆိုင်သော မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ နည်းပဒေ များကို အသင်းဝင်များသိရှိလိုက်နာနိုင်ရေး ကူညီဆောင်ရွက်ရန်။ (ဃ) အသင်းဝင်များအချင်းချင်း အပြန်အလှန်အကျိုးပြုနိုင်ရေးအတွက် အသင်းမှ ကူညီဆောင်ရွက်ပေးရန်။ (င) ဓာတုအင်ဂျင်နီယာများနှင့် နည်းပညာတက္ကသိုလ်များရှိ ဓာတုအင်ဂျင်နီယာနှင့် ဆက်စပ် ဘာသာရပ်ဆိုင်ရာ ဌာနများအကြောင်း ရင်းနှီးသောဆက်နွယ်မှုများကို ထိန်းသိမ်းဖော်ဆောင်ပေးရန်၊ ဌာနများ၏ သင်ထောက်ကူလိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးရန်၊ ဌာနများအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်၊ သုတေသနဆိုင်ရာကူညီပံ့ပိုးမှုများ ဆောင်ရွက်ရန်နှင့် တက္ကသိုလ်နှင့် စက်မှုလုပ်ငန်းများကြားပူးပေါင်းဆောင်ရွက်ရေး(University-Industry Collaboration) လိုအပ်သောလုပ်ငန်းများ ဆောင်ရွက်ပေးရန်။ (စ) မျိုးဆက်သစ်အင်ဂျင်နီယာများနှင့်အသင်းဝင်များ၏ အရည်အသွေးတိုးတက်ဖွံ့ဖြိုးရေးအတွက် အတွေ့အကြုံဗဟုသုတကောင်းများကို ဆွေးနွေးဟောပြောခြင်း၊ နည်းပညာဆိုင်ရာအချက်အလက်များ ဖြန့်ဝေခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ သင်တန်းများဖွင့်လှစ်ပေးခြင်း၊ လေ့လာရေးခရီးစဉ်များ စီစဉ်ပေးခြင်း၊ ပြည်ပပညာတော်သင်များ စေလွှတ်ခြင်း၊ ပညာသင်ဆုများ ပေးအပ်ခြင်း စသည်တို့ကို ပြုလုပ်ပေးခြင်း အားဖြင့် ဗဟုသုတအကြားအမြင်ကြွယ်ဝလာသော အတတ်ပညာရှင်များ ပေါ်ပေါက်လာရေးကို အထောက်အကူပြုနိုင်ရန်။ (ဆ) သက်ကြီးဝါကြီး ဓာတုအင်ဂျင်နီယာကြီးများအား လူမှုရေးနှင့် ကျန်းမာရေူစောင့်ရှောက်မှုများပေးရန်။ (ဇ) နိုင်ငံတော်နှင့်ပြည်သူအကျိုးအတွက် ပြည်တွင်းပြည်ပမှ အခြားအင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာ အဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ ကျောင်းသားဟောင်းအဖွဲ့များနှင့် လိုအပ်သလို ပူးပေါင်းဆက်သွယ် ဆောင်ရွက်ရန်။ (ဈ) နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက်ပြည်တွင်းပြည်ပ အခြားစီးပွားရေး၊ပညာရေး နှင့် လူမှုရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အကျိုးအမြတ် အတွက် မရည်ရွယ်သော အဖွဲ့အစည်းများ၊ နိုင်ငံရေးအတွက်မဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆက်သွယ်ဆောင်ရွက်ရန်။ (ည) နိုင်ငံတော်အဆင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီကဲ့သို့သော အသင်းအဖွဲ့များတွင် ဓာတုအင်ဂျင်နီယာများ၏ အခန်းကဏ္ဍကို တိုးမြှင့်ဖော်ဆောင်ရန်။ (ဋ) ပြည်တွင်းစားသောက်ကုန်နှင့် ဓာတုနည်းပညာရပ်ဆိုင်ရာစက်မှုကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အထောက်အကူပြုရန်။ |
အသင်း၏အခြေခံမူများ |
၅။ အသင်း၏ အခြေခံမှုများမှာ အောက်ပါအတိုင်းဖြစ်သည်။ (က) အသင်းသည် ဓာတုအင်ဂျင်နီယာများနှင့်ဖွဲ့စည်းသောအသင်းဖြစ်သည်။ (ခ) အသင်းဝင်များ၏ ဘုံအကျိုးစီးပွားအတွက် အများသဘောတူလက်ခံသည့် ဖွဲ့စည်းပုံနှင့် အခြေခံ စည်းမျဉ်းများဖြင့် ဖွဲ့စည်းဆောင်ရွက်သည်။ (ဂ) အသင်းဝင်များ၏ ဘုံအကျိုးစီးပွားအတွက် အချင်းချင်း အပြန်အလှန်အကျိုးပြုသည့် အကျိုးအမြတ်မ ယူသောအသင်းဖြစ်သည်။ (ဃ) အစိုးရမဟုတ်သော ပြည်တွင်းအသင်းအဖွဲ့ဖြစ်သည်။ (င) နိုင်ငံတော်၏ တည်ဆဲဥပဒေများကို လိုက်နာသောအသင်းအဖွဲ့ ဖြစ်သည်။ (စ) ဓာတုအင်ဂျင်နီယာများ၊ ဓာတုအင်ဂျင်နီယာဘာသာရပ်ဆိုင်ရာများ၊ ဓာတုအင်ဂျင်နီယာဌာနများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဓာတုအင်ဂျင်နီယာများ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်တို့ဖြစ်သည်။ (ဆ) ဓာတုအင်ဂျင်နီယာနည်းပညာနယ်ပယ်များနှင့် ပိုမိုထိတွေ့ပြီး ရင်းနှီးမြှပ်နှံလိုသူများနှင့် ချိတ်ဆက် ဖောက်ဆောင်ရွက်ပေးနိုင်ရန်။ (ဇ) ဤအသင်းသည် တရားစွဲဆိုခွင့်၊ တရားစွဲဆိုခံပိုင်ခွင့်၊ ရန်ပုံငွေဖွင့်လှစ်တည်ထောင်ပိုင်ခွင့်၊ ဥပဒေနှင့် အညီ အလှုငွေ ကောက်ခံနိုင်ခွင့်၊ ဘဏ်စာရင်း ဖွင့်လှစ်နိုင်ခွင့်နှင့် ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်း ပိုင်ဆိုင်ခွင့်ရှိသည်။ |
အသင်း၏ လုပ်ငန်းစဉ်များ |
၆။ အသင်း၏ရည်ရွယ်ချက်များကို အသင်း၏အခြေခံမှုများနှင့်အညီ အကောင်အထည်ဖော်မည့်မည်သည့် လုပ်ငန်းမဆို အသင်း၏လုပ်ငန်းစဉ်ဟု မှတ်ယူရမည်။ |
၇။ မြန်မာနိုင်ငံ ဓါတုအင်ဂျင်နီယာအသင်း(Myanmar Association of Chemical Engineering) ကို ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံ၏ တည်ဆဲအသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ ဖွဲ့စည်းပြီး မှတ်ပုံတင်ပါသည် |
အသင်း၏အမှတ်တံဆိပ် |
![]() |
၈။ ရှင်းလင်းချက် |
အနီ၊ အဝါ၊ အစိမ်းအရောင်သုံးမျိုးမှာ မြန်မာနိုင်ငံ၊ မြန်မာနိုင်ငံသားကို ကိုယ်စားပြုပါသည်။ Professional Network နှင့်ချိတ်ဆက်ဆောင်ရွက်မှုများအဖြစ် အနီ၊ အစိမ်း၊ အဝါ Aromatic Ring သုံးခုဆက်ထားပါသည်။ Aromatic Symbols နှင့် သစ်ရွက်စိမ်းလေးအတွင်းမှ Pinion စက်သွားသည် ဓာတုအင်ဂျင်နီယာ ကိုယ်စားပြုအမှတ်အသားဖြစ်ပါသည်။ Aromatic Ring သုံးခု အနီကြီးရာမှ အစိမ်းအလတ်၊ အဝါအငယ် အရွယ်သုံးမျိုးသည် မြန်မာဓာ တုအင်ဂျင်နီယာမျိုးဆက်တစ်ခုမှတစ်ခုသို့ (Generation to Generation) ကူညီဆင့်ကမ်းချိတ် တက်လှုပ်ရှားမည်ဟု အနက်အဓိပ္ပါယ်ရပါသည်။ အစိမ်းရောင်သစ်ရွက်နှစ်ရွက်သည် Green Technology, Biodegradable, Renewable, Bioprocess ကိုကိုယ်စားပြုပါသည်။ |
အခန်း(၂)
အသင်းဝင်အဆင့် သတ်မှတ်ခြင်းနှင့် အတည်ပြုခြင်း |
---|
၉။ အသင်းဝင်အဖြစ် လျှောက်ထားခြင်းနှင့် အတည်ပြုခြင်း |
(က) ဓာတုအင်ဂျင်နီယာများအဖြစ် အကျုံးဝင်သူများသည် အသင်းတွင်ပါဝင်ရန် သတ်မှတ်ထားသောပုံစံ ဖြင့် လျှောက်ထားနိုင်သည်။ (ခ) အသင်းသို့ဝင်ခွင့်ရရန် လျှောက်ထားသူများအား အသင်းမှစိစစ်ရွေးချယ်ပြီး အတည်ပြုခြင်း၊ ငြင်းပယ်ခြင်းကို ဆုံးဖြတ်နိုင်သည်။ (ဂ) အသင်းသားအဖြစ် အတည်ပြုခြင်း၊ ငြင်းပယ်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်တွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ၏ ဆုံးဖြတ်ချက်သည် အပြီးသတ်အတည်ဖြစ်သည်။ |
၁၀။ အသင်းဝင်များသည် အောက်ဖေါ်ပြပါအရည်အချင်းများ ပြည့်မီရန်လိုအပ်သည်။ |
(က) အသင်း၏ ရည်ရွယ်ချက်၊ အခြေခံမှုနှင့် လုပ်ငန်းစဉ်များကို သိရှိနားလည်လက်ခံ၍ အသင်း၏ တည်ဆဲစည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်နိုင်ခြင်း။ (ခ) အသင်း၏ ဖွဲ့စည်းပုံနှင့် အခြေခံစည်းမျဉ်းပါ လုပ်ငန်းတာဝန်နှင့် တာဝန်ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်လိုစိတ်ရှိရုံမျှမက အသင်းလုပ်ငန်းများအားစိတ်ဝင်တစား ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း။ |
၁၁။ အသင်းဝင်အဆင့် သတ်မှတ်ခြင်း |
(က) ဂုဏ်ထူးဆောင်အသင်းဝင် (Honorary Member) (ခ) ရာသက်ပန်အသင်းဝင် (Life Member) (ဂ) အသင်းဝင် (Member) (ဃ) နိုင်ငံခြားသားအသင်းဝင် (Overseas Member) (င) ကျောင်းသားအသင်းဝင် (Student Member) (စ) မိတ်ဖက်လုပ်ငန်းစု ( Corporate Partner) |
(က) ဂုဏ်ထူးဆောင်အသင်းဝင် (Honorary Mamber) |
အသင်း၏ အကျိုးအတွက် အထူးဆောင်ရွက်နိုင်သည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင် အသင်းဝင်များအဖြစ် အလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ရွေးချယ်သတ်မှတ်နိုင်သည်။ ဂုဏ်ထူးဆောင်အသင်းဝင်များသည် အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးများကို ပေးဆောင်ရန်မလိုအပ်ပါ။ ဂုဏ်ထူးဆောင်အသင်းဝင်များသည် အသင်း၏ နှစ်ပတ်လည်အထွေထွေ အစည်းအဝေးသို့ တက်ရောက် ပါဝင်ဆွေးနွေးအကြံပေးနိုင်သည်။ သို့သော် ရွေးချယ်မှု၊ ဆုံးဖြတ်မှုတို့တွင် ပါဝင်ခြင်းမရှိစေရ။ |
(ခ) ရာသက်ပန် အသင်းဝင် (Life Member) |
အသင်းဝင် (Member) အဖြစ် သက်တမ်း ၁၅ နှစ် နှင့်အထက် ရှိပြီး ရာသက်ပန် အသင်းဝင်အဖြစ် အဆို ပြုလျှောက်ထားလာသော အသင်းဝင်များ (သို့မဟုတ်)၊ ဓာတုအင်ဂျင်နီယာဘွဲ့ရရှိပြီးကာလ (၃၀)နှစ် နှင့်အထက်ရှိသူများကို (သို့မဟုတ်)၊ အသင်းအတွက် ထူးခြားပြောင်မြောက်စွာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော အသင်းဝင် (Member) များကိုလည်းကောင်း၊ ရာသက်ပန်အသင်းဝင်အဖြစ် လျှောက်ထားလာသူများအားလည်းကောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးဖြင့် စိစစ်ဆုံးဖြတ်ချက်ကာ သတ်မှတ်ပေးရမည်။ |
(ဂ) အသင်းဝင် (Member) |
၁။ မြန်မာနိုင်ငံအတွင်းရှိ အစိုးရအသိအမှတ်ပြု နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများမှ ဓါတုအင် ဂျင်နီယာနှင့် ဆက်စပ်ဘာသာရပ်များနှင့် သက်ဆိုင်သော ဘွဲ့၊ ဒီပလိုမာ ရရှိခဲ့သူများ။ ၂။ ပြည်ပနိုင်ငံတစ်ခုခုရှိ အသိအမှတ်ပြု တက္ကသိုလ်များမှ ဓါတုအင်ဂျင်နီယာနှင့်သက်ဆိုင်သော ဘွဲ့၊ ဒီပလိုမာရရှိသူမြန်မာနိုင်ငံသားများ။ |
(ဃ) နိုင်ငံခြားသားအသင်းဝင် (Overseas Member) |
မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ပြီး အခြားနိုင်ငံသားအဖြစ် ခံယူထားပြီးဖြစ်သောဓာတုအင်ဂျင်နီယာများ |
(င) ကျောင်းသားအသင်းဝင် (Student Member) |
နည်းပညာတက္ကသိုလ်များတွင်တက်ရောက်ဆဲကျောင်းသားကျောင်းသူများ၊ကျောင်းသားအသင်းဝင်များသည်အသင်း၏နှစ်ပတ်လည်အထွေ ထွေ အစည်းအဝေးသို့တက်ရောက်ပါဝင် ဆွေးနွေးအကြံပေးနိုင်သည်။ သို့သော်ရွေးချယ်မှု၊ဆုံးဖြတ်မှုတို့တွင် ပါဝင်ခြင်းမရှိစေရ။ |
(စ) မိတ်ဖတ်လုပ်ငန်းစု ( Corporate Member) |
အသင်း၏လုပ်ငန်းများကို စိတ်ပါဝင်စားပြီး အသင်း၏ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လိုသော မှတ်ပုံတင်ထားပြီး ကုမ္ပဏီများ၊ လုပ်ငန်းစုများအနေဖြင့် မိတ်ဖတ် လုပ်ငန်းစု (Corporate Member) အဖြစ် လျှောက်ထားရမည်။ မိတ်ဖတ်လုပ်ငန်းစုများသည် အသင်း၏နှစ်ပတ်လည် အထွေထွေအစည်းအဝေး သို့တက်ရောက်ပါဝင် ဆွေးနွေးအကြံပေးနိုင်သည်။ သို့သော် ရွေးချယ်နိုင်မှု၊ ဆုံးဖြတ်မှုတို့တွင် ပါဝင်ခြင်းမရှိစေရ။ |
၁၂။ အသင်းဝင်လက်မှတ် |
အသင်းသို့ ဝင်ခွင့်ရသောသူအား အသင်းဝင်ဖြစ်ကြောင်း အသိအမှတ်ဖြစ်စေခြင်း အလို့ငှာ၊ အလုပ် အမှုဆောင်အဖွဲ့က ပြဌာန်းထားသည့် အသင်းဝင်လက်မှတ်ကဒ်ပြားကို အသင်း တံဆိပ်ရိုက်နှိပ်ပြီး၊ အသင်းဥက္ကဌ သို့မဟုတ် အတွင်းရေးမှုူးက လက်မှတ်ထိုး၍ ထုတ်ပေးရမည်။ အသင်းဝင် လက်မှတ်တွင် သက်ဆိုင်ရာ အသင်းဝင်၏ ဓါတ်ပုံနှင့် ထိုးမြဲလက်မှတ်ပုံစံပါရှိရမည်။ |
၁၃။ အသင်းဝင်များသည် အသင်းသို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ သတ်မှတ်သည့်နှုန်းအတိုင်း အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးကို ထည့်ဝင်ရမည်။ |
အခန်း(၃)
အသင်းဝင်တို့၏ တာဝန်ဝတ္တရားများနှင့် အကျိုးခံစားခွင့်များ |
---|
၁၄။ အသင်းဝင်တို့၏ တာဝန်ဝတ္တရားမှာ အောက်ပါအတိုင်းဖြစ်သည်။ |
(က) အသင်းဝင်များသည် နှစ်စဉ်ကြေးကို သတ်မှတ်ထားသည့်ကာလအတွင်း ပေးသွင်းရမည်။ (ခ) အသင်းဝင်များသည် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို အစဉ်လိုက်နာ ရမည်။ (ဂ) အသင်းဝင်များသည် အသင်းမှ အခါအားလျော်စွာ ပေးအပ်ထားသောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရမည်။ (ဃ) အသင်းဝင်များသည် အသင်း၏အမည်၊ ဂုဏ်သတင်းနှင့် အကျိုးကျေးဇူးကို ထိခိုက်စေမည့်အပြုအမှု ၊ အပြောအဆို၊ လှုပ်ရှားမှုများကို မပြုလုပ်ရ။ |
၁၅။ အသင်းဝင်တို့၏ အကျိုးခံစားခွင့်များ |
(က) အသင်းမှကျင်းပသော လှုပ်ရှားမှုများ၊ ဟောပြောပွဲသင်တန်း၊ ဆွေးနွေးပွဲ၊ လေ့လာရေးခရီးတို့တွင် တက်ရောက်ပါဝင်နိုင်သည်။ (ခ) အသင်းဝင်များသည် အလုပ်အမှုဆောင်အဖွဲ့မှ ဖွဲ့စည်းပေးသော အဖွဲ့ငယ် (Sub- Committee) တို့တွင် ပါဝင်ဆောင်ရွက်နိုင်သည်။ (ဂ) အသင်းမှ အခါအားလျော်စွာဆောင်ရွက်သည့် လှုမှုရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ ပါဝင်နိုင်သည်။ (ဃ) အသင်း၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ တက်ရောက်ပါဝင်ဆွေးနွေး အကြံပေးခြင်း၊ အသင်းသို့ အချိန်မရွေး စာဖြင့်ရေးသားအကြံပေးခြင်း ပြုလုပ်နိုင်သည်။ (င) အသင်းဝင်များ၏ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ စဉ်ဆက်မပြတ်တိုးတက်မှုရရှိစေရး အစီအစဉ်များတွင် ပါဝင်ခွင့်ရှိသည်။ (စ) အသင်းနှင့် ချိတ်ဆက်ထားသော အခြားဝန်ဆောင်မှုလုပ်ငန်းများတွင် အသင်းဝင်များအနေဖြင့် အထူးခံစားခွင့်များရယူနိုင်သည်။ (ဆ) အသင်းနှင့် ချိတ်ဆက်လာသော အလုပ်အကိုင်အခွင့်အလမ်းများအတွက် အသင်းဝင်များအနေဖြင့် ဦးစားပေးအခွင့်အရေးရယူနိုင်သည်။ |
၁၆။ အသင်း၏ ကိုယ်စားလှယ်များ (က) အသင်း၏ ကိုယ်စားလှယ်များခန့်အပ်ခြင်း |
တရားဝင်ကိုယ်ပိုင် အခွင့်အရေးရှိသော အဖွဲ့အစည်းတစ်ရပ်အနေဖြင့် အစိုးရ ဆိုင်ရာ ရုံးဌာနဆိုင်ရာကိစ္စရပ်များ၊ တရားရုံးများ၊ ခုံရုံးများ၊ အစည်းအဝေးများ၊ ညီလာခံများ၊ ပုဂ္ဂလိကဆိုင်ရာ ရုံးဌာနဆိုင်ရာ ကိစ္စရပ်များ၊ အစည်းအဝေးများ၊ ခုံရုံးများ၊ ညီလာခံများ၊ တွေ့ဆုံပွဲများတွင် အသင်း၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်ရန် မည်သည့်အသင်းဝင်ကိုမဆို အလုပ်အမှုဆောင်အဖွဲ့က အသင်း ၏ကိုယ်စားလှယ်အဖြစ် ခန့်အပ်နိုင်သည်။ |
(ခ) အသင်း၏ ကိုယ်စားလှယ်များ လိုက်နာရန်စည်းကမ်း |
အသင်း၏ ကိုယ်စားတက်ရောက်ရသည့် ကိုယ်စားလှယ်သည် အသင်း၏ ညွှန်ကြားချက်ကို နာခံ၍ဆောင်ရွက်ရမည်။ အသင်း၏ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သည့် အသင်းသားသည် ပြည် ထောင်စုမြန်မာနိုင်ငံ၏ အကျိုးစီးပွားထိခိုက်ရန် ဖြစ်ပေါ်ပေါက်လျှင် အနီးကပ်ဆုံး အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးသို့တင်ပြ၍ လမ်းညွှန်ချက်ရယူရမည်။ အကယ်၍ အချိန်မရလျှင် ဥက္ကဌ၊ ဒုဥက္ကဌများနှင့် အတွင်းရေးမှူး တို့အနက်မှ အနည်းဆုံး(၂) ဦးဖြင့် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ရမည်။ |
အခန်း (၄)
အသင်းဝင်အဖြစ်မှ နှုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်း၊ ရပ်စဲခြင်းနှင့် အယူခံနိုင်ခွင့် |
---|
အသင်းဝင်အဖြစ်မှ နှုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်း၊ ရပ်စဲခြင်းနှင့် အယူခံနိုင်ခွင့်တို့နှင့် စပ်လျဉ်း၍ အောက်ပါစည်းကမ်းချက်များ အတိုင်းဆောင်ရွက်ရမည်။ ၁၇။ နှုတ်ထွက်ခြင်း |
မည်သည့်အသင်းဝင်မဆို အသင်းမှ နှုတ်ထွက်လိုလျှင် အတွင်းရေးမှူးထံသို့ မိမိနှုတ်ထွက်လို ကြောင်းစာဖြင့်(၁)လကြိုတင်အကြောင်းကြားရမည်။ နှုတ်ထွက်လိုသောအသင်းဝင်သည်အသင်းသို့ ပေးရန် တာဝန် များကို အကျေအလည်ပေးဆောင်ပြီး၊ ရှင်းလင်းရန် ကိစ္စများကို အပြီးရှင်းလင်းပြီးမှ နှုတ်ထွက်နိုင်သည်။ အလုပ်အမှုဆောင်အဖွဲ့သည် နှုတ်ထွက်ခွင့်ကိုသဘောမတူပါက တစ်လအတွင်းအကြာင်းပြန်ရမည်။ အလုပ်အမှု ဆောင်အဖွဲ့၏ နှုတ်ထွက်ခွင့်ငြင်းပယ်လွှာကို တစ်လအတွင်းမရရှိပါက အသင်းဝင်အဖြစ်မှ အလိုအလျောက် နှုတ်ထွက်ပြီးဖြစ်သည်။ နှုတ်ထွက်သောအသင်းဝင်သည် မိမိကြိုတင်ပေးဆောင်ထားသော ငွေကြေးတစ်စုံတစ်ရာကို ပြန်လည်တောင်းဆိုခွင့်မရှိစေရ။ |
၁၈။ ဆိုင်းငံ့ခြင်း၊ ထုတ်ပယ်ခြင်း |
အသင်းဝင်တစ်ဦးအား အောက်ပါ အကြောင်းတစ်ခုခုကြောင့် အသင်းဝင်အဖြစ် ဆက်လက်ထားရှိရန် မသင့်လျော်ဟုယူဆလျှင် ဆိုင်းငံ့ (သို့မဟုတ်) ထုတ်ပယ်ရန် မည်သည့်အလုပ် အမှုဆောင်အဖွဲ့ဝင်မဆို အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးသို့ တင်ပြအကြံပေးနိုင်သည်။ ထိုတင်ပြချက်ကို အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးသို့ တက်ရောက်မဲပေးသော အဖွဲ့ဝင်ဦးရေ၏ ထက်ဝက် ကျော်သော လျှိ့ဝှက်မဲဖြင့် ဆုံးဖြတ်စေရမည်။ (၁) အင်ဂျင်နီယာကျင့်ဝတ် စည်းကမ်းများကို ဖောက်ဖျက်သောအခါ (၂) အသင်း၏ဂုဏ်သိက္ခာကို ထိခိုက်စေသော ရာဇဝတ်မှု ကျူးလွန်ကြောင်း ထင်ရှားစီရင်ခြင်းခံရသော အခါ (၃) အသင်း၏လုပ်ငန်းစဉ်နှင့် ရည်ရွယ်ချက်ကိုဆန့်ကျင်လျက် အသင်း၏ အကျိုးစီးပွားကို ထိခိုက်အောင် ပြုမူ ဆောင်ရွက်သောအခါ (၄) အသင်း၏ အမည်၊တံဆိပ်နှင့် ၎င်း၏အသင်းသား ဖြစ်တည်မှုကို အသုံးချပြီး မမှန်မကန်အလွဲသုံးစား ပြုလုပ်သောအခါ |
၁၉။ အသင်းဝင်အဖြစ်မှ အလိုအလျောက်ရပ်စဲခြင်း |
အောက်ဖော်ပြပါ အကြောင်းအချက်တစ်ခုခုဖြစ်ပေါ်ပါက အဆိုပါ အသင်းဝင်အား အသင်းဝင်အဖြစ်မှ အလိုအလျောက်ရပ်စဲပြီးဖြစ်စေရမည်။ (၁) သေဆုံးသောအခါ (၂) သာသနာ့ဘောင်ကို ထာဝစဉ်ဝင်ရောက်သွားသောအခါ (၃) ရူးသွပ်ရောဂါ စွဲကပ်သွားသောအခါ |
၂၀။ အယူခံနိုင်ခွင့် |
အသင်းဝင်အဖြစ်မှထုတ်ပယ်ခြင်းခံရသူများသည် ကျေနပ်မှုမရှိပါက အနီးကပ်ဆုံးပြုလုပ်သည့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့အစည်းအဝေးသို့ အယူခံဝင်နိုင်ခွင့်ရှိသည်။ ထိုအစည်းအဝေး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်။ |
အခန်း(၅)
အသင်း၏ ဖွဲ့စည်းတည်ဆောက်ပုံ |
---|
၂၁။ အသင်း၏ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည်။ |
(က) အသင်း၏ ပထမဆုံးနာယကအဖွဲ့ကို အများလေးစားကြည်ညိုသော ဓာတုအင်ဂျင်နီယာကြီးများ ဖြင့် ကနေဦးအလုပ်အမှုဆောင်အဖွဲ့က ဖွဲ့စည်းပေးရမည်။ (ခ) နာယကအဖွဲ့သည် အသင်း၏ ရွေးကောက်တင်မြှောက်ခြင်း လုပ်ငန်းများကို ကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်ရမည်။ (ဂ) အလုပ်အမှုဆောင်အဖွဲ့သည် အသင်း၏နာယကအဖွဲ့အား အများလေးစားကြည်ညိုသော ဓာတုအင်ဂျင်နီယာကြီးများဖြင့် ဖွဲ့စည်းပေးရမည်။ (ဃ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် နာယကအဖွဲ့ နှင့်အခါအားလျော်စွာ တိုင်ပင်ဆွေးနွေးခြင်း၊ အကြံဉာဏ်ရယူခြင်းများဆောင်ရွက်ရမည်။ (င) ကိုယ်တိုင်အဆိုပြုအရွေးချယ်ခံသူများအနက်မှ အဖွဲ့ဝင် (၇၀) ပါဝင်သော အသင်း၏ အလုပ်အမှုဆောင်အဖွဲ့ကို အသင်း၏နှစ်ပတ်လည်အစည်းအဝေးမှ ရွေးချယ်တင်မြှောက်၍ ဖွဲ့စည်းရမည်။ (စ) ကိုယ်တိုင်အဆိုပြုအရွေးချယ်ခံသူများ (၇၀) ထက်မပိုလျှင် ရှိသည့်အရေအတွက်ဖြင့်ပင် အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းရမည်။ (ဆ) အသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို နှစ်ပတ်လည်အသင်းဝင်စုံညီအစည်းအဝေးတွင် အလုပ် အမှုဆောင်အဖွဲ့ဝင်များက အလုပ်အမှုဆောင်အဖွဲ့ဝင်များထဲမှ ရွေးချယ်တင်မြှောက်၍ အောက်ဖော်ပြပါ အတိုင်း ဖွဲ့စည်းရမည်။ ဥက္ကဌ (၁)ဦး ဒု-ဥက္ကဌ (၃)ဦး အတွင်းရေးမှူး (၁)ဦး တွဲဖက်အတွင်းရေးမှူး (၃)ဦး ဘဏ္ဍရေးမှူး (၁)ဦး တွဲဖက်ဘဏ္ဍရေးမှူး (၂)ဦး စာရင်းစစ် (၁)ဦး တွဲဖက်စာရင်းစစ် (၂)ဦး ပြန်ကြားရေးမှုး (၁)ဦး တွဲဖက်ပြန်ကြားရေးမှူး (၂)ဦး အမှုဆောင်အဖွဲ့ဝင်များ (၁၀)ဦး စုစုပေါင်း (၂၇)ဦး (ဇ) အလုပ်အမှုဆောင်အဖွဲ့သည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ အတည်ပြုပြီးသော ဆုံးဖြတ်ချက်များကို သာ အကောင်အထည်ဖော်ရမည်။ (ဈ) အသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအနက်မှ တစ်ဦးစီကိုလုပ်ငန်းအဖွဲ့ငယ်များတွင် လုပ်ငန်း တာဝန်ခံများအဖြစ် တာဝန်ယူရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကသတ်မှတ်ပေးရမည်။ (ည) အသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းသည်(၂) နှစ်ဖြစ် သည်။ (ဋ) ဥက္ကဌသည် သက်တမ်းနှစ်ကြိမ်သာ တာဝန်ထမ်းဆောင်နိုင်သည်။ (ဌ) ဥက္ကဌ သက်တမ်းနှစ်ကြိမ်ပြည့်အောင် ဆောင်ရွက်ခဲ့သူ ဥက္ကဌဟောင်းများအားနာယကအဖွဲ့တွင် ထည့်သွင်းရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အဆိုပြုနိုင်သည်။ (ဍ) နှစ်ပတ်လည်အစည်းအဝေးမတိုင်မီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နေရာ လစ်လပ်ခဲ့လျှင် အလုပ်အမှုဆောင် အဖွဲ့အထူးအရေးပေါ် အစည်းအဝးကျင်းပ၍ အလုပ်အမှုဆောင် အဖွဲ့ဝင်များထဲမှ လျှိုဝှက်မဲစနစ်ဖြင့် အစားထိုးခန့် အပ်ရမည်။ |
အခန်း (၆)
ကနေဦးအလုပ်အမှုဆောင်အဖွဲ့ |
(၂၆-၁၁-၂၀၁၇) ရက်နေ့တွင် ဖွဲ့စည်းသော ဖြစ်မြောက်ရေးကော်မတီကို ကနေဦးအလုပ်အမှုဆောင်အဖွဲ့အဖြစ် သတ်မှတ် သည်။ ကနဦးအလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းသည် စုံညီအစည်းအဝေးမှ ရွေးကောက်တင်မြှောက်လိုက်သော အလုပ်အမှုဆောင်အဖွဲ့ပေါ်သည့်အထိ တာဝန်ယူရမည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ပေါ်ပေါက်ပြီးပါက တစ်ပတ်အတွင်း အသင်း၏ငွေကြေးပစ္စည်း တာဝန်အားလုံးကို လွှဲအပ်ပေးရမည်။ |
၂၂။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ အရည်အချင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။ |
(က) အသင်း၏ လုပ်ငန်းကိစ္စအဝဝကို ကိုယ်အားစိတ်အား၊ စေတနာအား အပြည့်အဝဖြင့် စဉ်ဆက်မပြတ် စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်သူဖြစ်ခြင်း။ (ခ) အသင်း၏ ပုံမှန်အစည်းအဝေးများအား မပျက်မကွက်တက်ရောက်၍ ၊ လှုပ်ရှားဆောင်ရွက်မှုများ၌ စေတနာ ထက်သန် သူဖြစ်ခြင်း။ (ဂ) အကျင့်စာရိတ္တကောင်းမွန်သူဖြစ်၍ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်သူဖြစ်ခြင်း။ (ဃ) နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဖြစ်ခြင်း (င) အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သောအဖွဲ့အစည်းဝင်နှင့် ပုဂ္ဂိုလ်များ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေငြာခြင်းခံရသော အဖွဲ့အစည်းဝင်၊ ယင်းအဖွဲ့အစည်းကို အားပေးကူညီခြင်းပြုသည့် အဖွဲ့အစည်းဝင်မဟုတ်ခြင်း |
၂၃။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခြင်း |
(က) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ပုံမှန်အစည်းအဝေးသို့ ခွင့်တိုင်ခြင်းမရှိ သုံးကြိမ်ဆက်တိုက် တက်ရောက်ခြင်းမရှိဘဲ ပျက်ကွက်ခဲ့သော် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်မှ အလိုအလျောက်ရပ်စဲပြီး ဖြစ်စေရမည်။ (ခ) အောက်ဖော်ပြပါကိစ္စရပ်များဖြစ်ပေါ်လာလျှင် အလုပ်အမှုဆောင်အဖွဲ့၏ သဘောတူဆုံးဖြတ်ချက်ဖြင့် အလုပ်အမှုဆောင် အဖွဲ့ဝင် (သို့မဟုတ်) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်မှ ရပ်စဲစေရမည်။ ၁။ အသင်းဝင်အဖြစ်မှ နှုတ်ထွက်ခြင်း၊ထုတ်ပယ်ခြင်း၊ အလိုအလျောက်ရပ်စဲခြင်း။ ၂။ တာဝန်ယူထားသောလုပ်ငန်းကိစ္စအဝဝနှင့် ဆောင်ရွက်ရန်ဝတ္တရားများအားကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်း။ ၃။အသင်း၏ဂုဏ်သိက္ခာကိုထိခိုက်စေသောရာဇဝတ်မှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားအစီရင်ခံ ရခြင်း။ ၄။ အသင်း၏အမည်အားကိုယ်ကျိုးအတွက် အလွဲသုံးစားပြုသည်ကိုစစ်ဆေးတွေ့ရှိခြင်း ၅။အသင်း၏အမည်နှင့် ဂုဏ်သတင်းအားထိခိုက်စေသော အင်ဂျင်နီယာကျင့်ဝတ်နှင့် အကျင့်စာရိတ္တ ချို့ယွင်းပျက်ပြားကြောင်း အဖွဲ့ကဆုံးဖြတ်ခြင်း။ |
၂၄။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ တာဝန်ဝတ္တရားများမှာအောက်ပါအတိုင်းဖြစ် ပါသည်။ |
(က) ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးတိုင်းသို့တက်ရောက်ရမည်။ခိုင်လုံသော အကြောင်း ပြချက်ရှိခဲ့လျှင် ခွင့်တိုင်ကြားရမည်။ (ခ) လုပ်ငန်းအဖွဲ့ငယ် (Sub Committee) များအား အခါအားလျော်စွာ လိုအပ်သလိုဖွဲ့စည်းတာဝန် ပေးအပ်ပြီး ဦးဆောင်လမ်းညွှန်မှုပေးရမည်။ (ဂ)ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊အလုပ်အမှုဆောင်အဖွဲ့ဝင်၊အသင်းသားအဖြစ်မှထုတ်ပယ်ရန် စစ်ဆေးခြင်းများ ကို အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးကျင်းပ၍ ဤ အခြေခံစည်းမျဉ်းနှင့်အညီ သမာသမတ်ကျကျ စစ်ဆေး ဆုံးဖြတ်ရမည်။ (ဃ) အသင်း၏ နှစ်ပတ်လည်စာရင်းစစ်ဆေးရာတွင် လိုအပ်သည်ဟု ထင်မြင်ယူဆပါက အစိုးရလက်မှတ်ရ မှတ်ပုံတင်စာရင်းစစ်ကို ငှားရမ်းစစ်ဆေးရန် စီမံရမည်။ (င) အသင်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်တို့ကို အောင်မြင်ထမြောက်စေရန် အသင်း၏အခြေခံမူ များနှင့်အညီ ဦးဆောင်မှုပြုရမည်။ (စ) အသင်းရန်ပုံငွေအတွက် အလှုရှင်တို့ထံမှ အလှူငွေတိုးမြှင့်ရရှိရန် ကြိုးပမ်းရမည်။ |
၂၅။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးချင်း၏ တာဝန်ဝတ္တရားများ။ |
(က) ဥက္ကဌ၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးများနှင့် အစည်းအဝေးကြီးများတွင် သဘာပတိ အဖြစ်ဆောင်ရွက်ရမည်။ ၂။ အသင်း၏ဖွဲ့စည်းပုံနှင့် အခြေခံစည်းမျဉ်းနှင့်အညီ အသင်း၏လုပ်ငန်းအရပ်ရပ်ကို တာဝန်ခံဆောင်ရွက်ရမည်။ ၃။ အသင်း၏ငွေစာရင်းတို့ကို တစ်လတစ်ကြိမ်စစ်ဆေး၍ လစဉ်ငွေစာရင်းကို လက်မှတ်ထိုးအတည်ပြု ရမည်။ ၄။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်တစ်ရပ်ရပ်တွင် ဆန္ဒမဲတူညီနေပါက ဥက္ကဌ၏ နောက်ဆုံး ဆုံးဖြတ်ချက်ဖြင့် အတည်ပြုရမည်။ (ခ) ဒုဥက္ကဌ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ ဥက္ကဌ၏ လုပ်ငန်းတာဝန်များအားကူညီပံ့ပိုးပေးရမည်။ ၂။ ဥက္ကဌမရှိခိုက် ဥက္ကဌ၏တာဝန်ဝတ္တရားတို့ကို ကိုယ်စားဆောင်ရွက်ရမည်။ ၃။ ဥက္ကဌက လွှဲအပ်သော တာဝန်ဝတ္တရားများအား ဆောင်ရွက်ရမည်။ ၄။ ဒုဥက္ကဌ၏ မူလတာဝန်များကိုလည်း ထမ်းဆောင်ရမည်။ (ဂ) အတွင်းရေးမှူး၏ တာဝန်ဝတ္တရားများမှာ အောက်ပါတိုင်းဖြစ်သည်။ ၁။ အစည်းအဝေးကျင်းပရန်ရှိပါက အလုပ်အမှုဆောင်အဖွဲ့ဝင်များ (သို့မဟုတ်) ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် များအား အချိန်မီဖိတ်ကြားရမည်။ ၂။ အစည်းအဝေးမှတ်တမ်းတင်ခြင်း၊ ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ရမည်။ ၃။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ကိစ္စအဝဝတို့ကို တာဝန်ခံဆောင်ရွက်ရမည်။ ၄။ အသင်း၏ ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စအဝဝတို့ကို တာဝန်ခံဆောင်ရွက်ရမည်။ ၅။ အသင်းပိုင်ပစ္စည်းများအားလုံးကို ထိန်းသိမ်းစောင့်ရှောက်ရမည်။ (ဃ) တွဲဖက်အတွင်းရေးမှူး၏ တာဝန်ဝတ္တရားများမှာအောက်ပါအတိုင်းဖြစ်သည်။ ၁။ အတွင်းရေးမှူး၏ လုပ်ငန်းတာဝန်များအားကူညီပံ့ပိုးပေးရမည်။ ၂။ အတွင်းရေးမှူးမရှိခိုက် အတွင်းရေးမှူး၏ လုပ်ငန်းတာဝန်တို့ကို ကိုယ်စားဆောင်ရွက်ပေးရမည်။ ၃။ အတွင်းရေးမှူးက လွှဲအပ်သော တာဝန်ဝတ္တရားများကို ဆောင်ရွက်ရမည်။ (င) ဘဏ္ဍာရေးမှူးသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး၏ ဆုံးဖြတ်ချက်ဖြင့်သာ ငွေကြေးများကို ထုတ်ပေးပိုင်ခွင့်ရှိစေရမည်။ ၁။ ဖွဲ့စည်းပုံစည်းမျဉ်း အခန်း(၇) ပါဘဏ္ဍာရေး သတ်မှတ်ချက်များအရ ဆောင်ရွက်ရမည်။ ၂။ ဘဏ္ဍာရေးမှူးသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး၏ ဆုံးဖြတ်ချက်ဖြင့်သာ ငွေကြေးများကို ထုတ်ပေးပိုင်ခွင့်ရှိစေရမည်။ ၃။ လစဉ် (သို့မဟုတ်) အခါအားလျော်စွာ သတ်မှတ်သည့်အတိုင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့အ စည်းအဝေးတွင်ဘဏ္ဍာရေးမှူးသည် ငွေစာရင်းရှင်းတမ်းကိုတင်ပြ၍ အမှုဆောင်များ၏ အတည်ပြုချက်ကို ရယူရမည်။ ၄။ ဘဏ်နှင့်သက်ဆိုင်သော အထောက်အထား၊ စာရွက်စာတမ်းများအား လုံခြုံစွာ ထိန်းသိမ်းထားရမည်။ ၅။ အသင်း၏ ဝင်ငွေ၊ ထွက်ငွေ စာရင်းတို့ကို စနစ်တကျမှတ်သား၍ လချုပ်စာရင်း(သို့မဟုတ်) သတ်မှတ်အချိန်အတိုင်းအတာတစ်ခုအတွင်း စာရင်းပြုစုကာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ရေးဆွဲ တင်ပြရမည်။ ၆။ အသင်း၏ အလှူခံဖြတ်ပိုင်း၊ ဂုဏ်ပြုလွှာ၊ မှတ်တမ်းမှတ်ရာစသော ငွေကြးနှင့်စပ်ဆိုင်သည့် စာရွက်စာတမ်း၊ စာအုပ်စသည်တို့ကို ပြင်ဆင်ခြင်း၊ ရိုက်နှိပ်ခြင်း၊ ထိန်းသိမ်းခြင်း၊ ဖြန့်ဝေခြင်းတို့အား ကြီးကြပ်ရမည်။ (စ) တွဲဖက်ဘဏ္ဍာရေးမှူး၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ တွဲဖက်ဘဏ္ဍာရေးမှူးသည် ဘဏ္ဍာရေးမှူး၏ ဖွဲ့စည်းပုံစည်းမျဉ်း အခန်း(၇) ပါ ဘဏ္ဍာရေးသတ်မှတ် ချက် များ အရ ဆောင်ရွက်ချက်များကို ပံ့ပိုးကူညီရမည်။ ၂။ဘဏ္ဍာရေးမှူးမရှိခိုက် ဘဏ္ဍာရေးမှူး၏ တာဝန်ဝတ္တရားတို့ကို ကိုယ်စားဆောင်ရွက်ပေးရမည်။ ၃။ ဘဏ္ဍာရေးမှူးကလွှဲအပ်သော တာဝန်ဝတ္တရားများအားဆောင်ရွက်ရမည်။ (ဆ) စာရင်းစစ်၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ အသင်း၏ လချုပ်စာရင်း၊ နှစ်ချုပ်စာရင်း၊ ပစ္စည်းစာရင်း၊ ငွေစာရင်းစသည်တို့ကို လစဉ်မှန်မှန်စစ်ဆေး၍ လက်မှတ်ထိုးရမည်။ ၂။ စာရင်းနှင့်ပတ်သက်သော ပြုစုသည့်နည်းစနစ်တို့ကို ဘဏ္ဍာရေးမှူးနှင့် ညှိနှိုင်း အကူအညီပေးရမည်။ ၃။ စာရင်းနှင့်ပတ်သက်၍ အသင်းကို နာမည်ထိခိုက်နစ်နာစေမည့် အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့သော် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့အမြန်ဆုံးအစီရင်ခံရမည်။ ၄။ စာရင်းစစ်သည် အသင်း၏စာရင်းများအား အချိန်မရွေး ဝင်ရောက်စစ်ဆေးခွင့်ရှိစေရမည်။ (ဇ) တွဲဖက်စာရင်းစစ်၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ စာရင်းစစ်၏ လုပ်ငန်းတာဝန်များအားကူညီပံ့ပိုးပေးရမည်။ ၂။ စာရင်းစစ်မရှိခိုက် စာရင်းစစ်၏တာဝန်ဝတ္တရားတို့ကိုကိုယ်စားဆောင်ရွက်ရမည်။ ၃။ စာရင်းစစ်က လွှဲအပ်သော တာဝန်ဝတ္တရားများအား ဆောင်ရွက်ရမည်။ (ဈ) ပြန်ကြားရေးမှူး၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၁။ အစည်းအဝေး၏ သဘောတူဆုံးဖြတ်ချက်များအား စနစ်တကျ မှတ်တမ်းတင်၍ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များထံ ဖြန်ဝေခြင်း၊ အီလက်ထရွန်းနစ်မီဒီယာများမှတစ်ဆင့် အသင်းသားအားလုံးသိရှိနိုင်ရန် ဖြန့်ဝေခြင်းများကို ဆောင်ရွက်ရမည်။ ၂။ လစဉ် (သို့မဟုတ်) အခါအားလျော်စွာ အသင်း၏ ဆောင်ရွက်ချက်တို့ကို အသင်းဝင်များသိစေရန် ပုံနှိပ်မီဒီယာများ၊ အီလက်ထရောနစ်မီဒီယာများမှ တစ်ဆင့် သင့်လျော်သလို ပြန်ကြားပေးရမည်။ ၃။ အသင်းဝင်များ၏ ကိုယ်ရေးအကျဉ်းကိုပြုစု၍ မှတ်တမ်းတင်ထားရမည်။ ၄။ ရံပုံငွေကိစ္စကို ပွင့်လင်းမြင်သာမှုရှိရန် ဆောင်ရွက်ပြန်ကြားရမည်။ ၅။ အသင်းကို ကိုယ်စားပြုသည့် ဝက်(ဘ်)ဆိုဒ်စာမျက်နှာများ၊ လူမှုကွန်ယက် စာမျက်နှာများ၊ အုပ်စုများ တည်ထောင်ဖွဲ့စည်းပြီး ကြပ်မတ်ထိန်းသိမ်းရမည်။ ၆။ ဓါတုအင်ဂျင်နီယာ အသိုက်အဝန်းပိုမို ကျယ်ပြန့်လာစေရေးအတွက် အီလက်ထရွန်းနစ်မီဒီယာအကူအညီဖြင့် ကွန်ယက်ဖွဲ့ အသိုက်အဝန်းတည်ဆောက်ခြင်း (Community Setup) လုပ်ငန်းများ ဆောင်ရွက်ရမည်။ ၇။အသင်းဝင်များနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အလုပ်အမှုဆောင်အဖွဲ့များအကြား ပေါင်းကူးဆက်သွယ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်ရမည်။ ၈။အသင်းဝင်များက အသင်းသို့ အကြံပြုချက်များ အချိန်မရွေး ပေးပို့နိုင်အောင် စီမံထားပြီး ရရှိလာသောအကြံပြုချက်များကို ဗဟိုအလုပ်အမှုဆာင်အဖွဲ့ထံ တင်ပြရမည်။ (ည) တွဲဖက်ပြန်ကြားရေးမှူး၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ ပြန်ကြားရေးမှူး၏ လုပ်ငန်းတာဝန်များအားကူညီပံ့ပိုးပေးရမည်။ ၂။ ပြန်ကြားရေးမှူးမရှိခိုက် ပြန်ကြားရေးမှူး၏ တာဝန်ဝတ္တရားတို့ကို ကိုယ်စားဆောင်ရွက်ပေးရမည်။ ၃။ ပြန်ကြားရေးမှူးက လွှဲအပ်သော တာဝန်ဝတ္တရားများအားဆောင်ရွက်ရမည်။ (ဋ) အလုပ်အမှုဆောင်အဖွဲ့ဝင်၏ တာဝန်ဝတ္တရားများမျာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ ပုံမှန်အလုပ်အမှုဆောင် အစည်းအဝေးများသို့မှန်မှန်တက်ရောက်ပြီးဆွေးနွေးအကြံ ဉာဏ်ပေးခြင်း ကိစ္စကို ဆောင်ရွက်ရမည်။ ၂။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တာဝန်ပေးအပ်သော လုပ်ငန်းအဖွဲ့ငယ်များ၌ ပါဝင်တာဝန်ယူ ဆောင်ရွက်ရမည်။ ၃။ အသင်း၏ အသင်းငယ်များ၌ ပါဝင်သော အသင်းဝင်များအား လုပ်ငန်းအလိုက် စီမံ ကြီးကြပ်ရမည်။ |
အခန်း (၇)
ဘဏ္ဍာရေး |
---|
၂၆။ ဘဏ္ဍာငွေ လက်ခံခြင်း |
(က) အသင်းသည် နိုင်ငံတော်ထံမှ ဖြစ်စေ၊ နိုင်ငံတကာ အစိုးရတစ်ရပ်ရပ်ထံမှ ဖြစ်စေ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အသင်းအဖွဲ့တစ်ရပ်ရပ် ထံမှ ဖြစ်စေ ၊ ပြည်တွင်း အသင်းအဖွဲ့တစ်ရပ်ရပ် ထံမှဖြစ်စေ၊ ပုဂ္ဂိုလိ တစ်ဦးတစ်ယောက်ထံမှ ဖြစ်စေ အလှုငွေကို ရယူ လက်ခံပိုင်ခွင့်ရှိသည်။ (ခ) ပြည်တွင်း၊ ပြည်ပ ဘာသာရေးအဖွဲ့မှ အလှူငွေကို လက်မခံရ၊ |
၂၇။ ဘဏ္ဍာငွေကို ထိန်းသိမ်းခြင်း |
အသင်းပိုင်ငွေများကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သတ်မှတ်ထားသော ဘဏ်နှင့် ဘဏ်ခွဲတို့၌ ဥက္ကဌ၊ ဒုဥက္ကဌတစ်ဦး၊ အထွေထွေ အတွင်းရေးမှူး၊ တွဲဘက် အထွေထွေ အတွင်းရေးမှူးတစ်ဦး၊ အခြားအဖွဲ့ဝင် တစ်ဦး ပေါင်းငါးဦး၏ အမည်ဖြင့် မြန်မာကျပ်ငွေဖြင့် လည်းကောင်း၊ နိုင်ငံခြားငွေဖြင့်လည်းကောင်း ငွေစားရင်း ဖွင့်လှစ်အပ်နှံထားရမည်။ |
၂၈။ ဘဏ္ဍာငွေ သုံးစွဲခြင်း |
(က) အသင်းပိုင်ရံပုံငွေများကို ဖွဲ့စည်းပုံစည်းမျဉ်း အခန်း(၃)ပါ အသင်း၏ ရည်ရွယ်ချက် များအတွက်သာ၊ ဘဏ္ဍာရေးစည်းမျဉ်းများနှင့် အညီ သုံးစွဲရမည်။ (ခ) ဘဏ်စာရင်းဖွင့်လှစ်အပ်နှံထားသော ဘဏ္ဍငွေကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အရသာ ထုတ်ယူရမည်။ (ဂ) ဘဏ်စာရင်းဖွင့်အပ်နှံထားသော ဘဏ္ဍငွေမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ခွင့်ပြုငွေ ကို ထုတ်ယူရန် ဘဏ်စာရင်းအမည်ပါသူ ငါးဦးအနက်မှ အနည်းဆုံးသုံးဦးက လက်မှတ်ရေးထိုးရမည်။ (ဃ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် အသင်း၏ ဆက်စပ်လုပ်ငန်းဆာင်တာများဆောင်ရွက်ရာတွင် မဖြစ်မနေ သုံးစွဲရမည့်ကုန်ကျ စရိတ်များကို အသင်း၏ ရံပုံငွေမှ ကျခံရန် ခွင့်ပြုနိုင်သည်။ သာမန် ရုံးကိစ္စသုံးငွေနှင့် အခြားစီမံချက်သုံးငွေများကို အခါအားလျော်စွာပမာဏသတ်မှတ်သုံးစွဲစေရမည်။ |
၂၉။ အရေးပေါ်သုံးစွဲခြင်း |
(က) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ လစဉ်အစည်းအဝေးမတိုင်မီ ကြားကာလ၌ အရေးပေါ်ငွေကြေးသုံးစွဲရန် ကိစ္စပေါ်ပေါက်လာပါက အောက်ပါပုဂ္ဂိုလ်တို့သည် ယှဉ်တွဲဖော်ပြပါ ပမာဏအတိုင်း သုံးစွဲခွင့်ပြုနိုင်သည်။ ၁။ ဥက္ကဌ ကျပ်တစ်ဆယ်သိန်း ၂။ ဒုဥက္ကဌ ကျပ်ငါးသိန်း ၃။ အတွင်းရေးမှူး ကျပ်နှစ်သိန်း (ခ) အရေးပေါ် သုံးစွဲထားသော ငွေစာရင်းများကို အနီးကပ်ဆုံး ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။ (ဂ) ဘဏ္ဍရေးမှူးသည် မိမိလက်ဝယ်တွင် အသေးသုံးငွေမှအပဖြစ်သော ရငွေများကို တစ်ပတ်ထက်ပို၍ မထားရှိရ ၊ တစ်ပတ်အတွင်း ဘဏ်သို့အပ်နှံရမည်။ |
၃၀။ အသင်းသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် တည်ဆဲ ဥပဒေများနှင့် မဆန့်ကျင်သော၊ အသင်း၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်း မရှိသော နည်းလမ်းတစ်ခုခုဖြင့် ရံပုံငွေ ရှာဖွေခြင်း ပြုလုပ်နိုင်သည်။ |
၃၁။ အသင်း၏ငွေစာရင်းများကို အစိုးရအသိအမှတ်ပြု လက်မှတ်ရေးထိုးစာရင်းစစ်ဖြင့် အခါအားလျော်စွာ စစ်ဆေးရမည်။ |
အခန်း (၈)
ရွေးချယ်တင်မြှောက်ခြင်း |
---|
၃၂။ အလုပ်အမှုဆောင် အဖွဲ့ သက်တမ်းကုန်ဆုံးသောနှစ်တွင် အသင်းဝင်များထံသို့ နှစ်ပတ်လည်အသင်းဝင်စုံညီ နှစ်ပတ်လည်အစည်းအဝေးဖိတ်စာ ဖြန့်ဝေခြင်း အသင်း အလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ် ဆောင်ရွက်လိုခြင်း ရှိ၊မရှိ ဆန္ဒပြုလွှာကို ထည့်သွင်းပေးပို့ခြင်းများဆောင်ရွက်ရမည်။ |
၃၃။ အသင်းအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်လိုကြောင်းတင်ပြလာသူ စာရင်းကိုနာယကအဖွဲ့ သို့ တင်သွင်းအတည်ပြုပြီးလျှင် အသင်းစုံညီအစည်းအဝေးသို့ တက်ရောက်သော အသင်းဝင်များ၏ ဆန္ဒမဲဖြင့် အလုပ်အမှုဆောင်အဖွဲ့ဝင်သစ်များ အဖြစ် ရွေးချယ်တင်မြှောက်ရန် စီစဉ်ရမည်။ |
၃၄။ ရွေးချယ်တင်မြှောက်ခံရသော အလုပ်အမှုဆောင်အဖွဲ့ဝင်သစ်များက အလုပ်အမှုဆောင်အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းသည့် အသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်တင်မြှောက်ရမည်။ |
၃၅။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များကို ဆန္ဒပြုထားသော နေရာအလိုက် ရွေးချယ်တင်မြှောက်ရမည်။ |
၃၆။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အမည်စာရင်းကို အသင်းဝင်စုံညီအစည်းအဝေါ်သို့ တင်ပြ အတည်ပြုရမည်။ |
အခန်း(၉)
အစည်းအဝေးများ |
---|
၃၇။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးများ |
(က) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပုံမှန်အစည်းအဝေးကို တစ်လတစ်ကြိမ် ပုံမှန်ကျင်းပရမည်။ သုံးလပတ် အစည်းအဝေးများကိုမူ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့်တပါတည်း ကျင်းပရမည်။ လစဉ် အစည်းအဝေးတွင် ဆောင်ရွက်ရမည့် ကိစ္စများမှာအောက်ပါအတိုင်းဖြစ်သည်။ ၁။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ လစဉ်လုပ်ငန်း အစီရင်ခံစာကို တင်ပြရန် ၂။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ လချုပ်ဘဏ္ဍာရေးရှမ်းတမ်းကို တင်ပြအတည်ပြုရန် ၃။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ တင်ပြလာသော လုပ်ငန်းကိစ္စများအားလုံး ဆုံးဖြတ် အတည်ပြုရန် (ခ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အထူးအရေးပေါ် အစည်းအဝေးကို အကြောင်းထူးတစ်စုံတရာ ပေါ်ပေါက်ခဲ့လျှင် ဥက္ကဌ (သို့မဟုတ်) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သုံးပုံတစ်ပုံတို့၏ တောင်းဆိုချက်ဖြင့် ခေါ်ယူကျင်းပရမည်။ အထူး အစည်းအဝေး ခေါ်ဆိုရန် လိုအပ်စေသော အထူးအရေးပေါ်ကိစ္စကိုသာ ဆွေးနွေးဆုံးဖြတ်ရမည်။ |
၃၈။ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးများ |
(က) အလုပ်အမှုဆောင်အဖွဲ့ ပုံမှန်အစည်းအဝေးကို သုံးလတစ်ကြိမ် ပုံမှန်ကျင်းပရမည်။သုံးလပတ် အစည်းအဝေးတွင်ဆောင်ရွက်ရမည့် ကိစ္စများမှ အောက်ပါအတိုင်းဖြစ်သည်။ ၁။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သုံးလပတ် လုပ်ငန် အစီရင်ခံစာကိုတင်ပြရန် ၂။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သုံးလပတ် ဘဏ္ဍာရေးရှင်းတမ်းကို တင်ပြအတည်ပြုရန် ၃။ အလုပ်အမှုဆောင်အဖွဲ့ဝင်များ တင်ပြလာသော လုပ်ငန်းကိစ္စများအားလုံး ဆုံးဖြတ် အတည်ပြုရန် (ခ) အလုပ်အမှုဆောင်အဖွဲ့ အထူးအရေးပေါ် အစည်းအဝေးကို အောက်ပါအကြောင်းတစ်စုံတရာပေါ်ပေါက်ခဲ့ လျှင် ဥက္ကဌ (သို့မဟုတ်) ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်သုံးပုံ တစ်ပုံတို့၏ တောင်းဆိုချက်ဖြင့် ခေါ်ယူကျင်းပရမည်။ ၁။ အသင်းဝင်အဖြစ်မှ ထုတ်ပယ်ခြင်းဆိုင်ရာကိစ္စရပ်များ ၂။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နေရာ လစ်လပ်ခြင်းဆိုင်ရာ ကိစ္စရပ်များ |
၃၉။ အသင်းဝင်စုံညီ နှစ်ပတ်လည် အစည်းအဝေး |
(က) အသင်းလုပ်ငန်းနှစ်အပိုင်းအခြား ကုန်ဆုံးသောနေ့မှ(၂) လအတွင်းအသင်းဝင် စုံညီနှစ်ပတ်လည် အစည်းအဝေးကို ကျင်းပရမည်။ အသင်းဝင်စုံညီ နှစ်ပတ်လည်အစည်းအဝေးတွင် ဆောင်ရွက်ရမည့် ကိစ္စများမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ နှစ်ချုပ်အစီရင်ခံစာကိုတင်ပြအတည်ပြုခြင်း ၂။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ နှစ်ချုပ်ဘဏ္ဍရေးရှင်းတမ်းကို တင်ပြအတည်ပြုခြင်း ၃။ အသင်းဝင်တို့ စာဖြင့် ကြိုတင် တင်သွင်းထားသော အကြံပြုချက်များအား ဆွေးနွေးဖြေကြား အရေးယူဆောင်ရွက်ခြင်း။ ၄။ အလုပ်အမှုဆောက်အဖွဲ့ သက်တမ်းကုန်ဆုံးသောနှစ်တွင် အလုပ်အမှုဆောင်အဖွဲ့နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့သစ်ကို ရွေးကောက်တင်မြှောက်၍ အတည်ပြုခြင်း။ (ခ) အသင်းဝင်များထံသို့နှစ်ပတ်လည် အစည်းအဝေးဖိတ်စာ ဖြန့်ဝေခြင်း အစည်းအဝေးကျင်းပမည့်ရက်မတိုင် မီ အနည်းဆုံး တစ်ဆယ့်လေးရက် ကြိုတင်ပြုလုပ်ရမည်။ (ဂ) အသင်းဝင်များမှ ဆွေးနွေးအကြံပြုရန် စာဖြင့် တင်ပြထားသည့် ကိစ္စရပ်များကို နှစ်ပတ်လည် အစည်းအဝေး မကျင်းပမီ အနည်းဆုံး ခုနှစ်ရက် ကြိုတင်၍ အလုပ်အမှုဆောင်အဖွဲ့သို့ ပေးပို့ထားရမည်။ |
၄၀။အရေးပေါ်အသင်းဝင်စုံညီအစည်းအဝေး |
အသင်းကို အကြောင်းအမျိုးမျိုးကြောင့် ဖျက်သိမ်းရန် အကြောင်းပေါ်ပေါက်ပါက အရေးပေါ် အသင်းဝင်စုံညီ အစည်းအဝေး ကျင်းပရမည်။ |
၄၁။ အစည်းအဝေး အထမြောက်ရန် လိုအပ်သော အနည်းဆုံး တက်ရောက်သူဦးရေကိုအောက်ပါအတိုင်းသတ် မှတ်သည်။ |
(က) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပုံမှန်အစည်းအဝေး။ ။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးရေ၏၃ ပုံ ၁ ပုံ။ (ခ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အထူးအရေးပေါ်အစည်းအဝေး။ ။ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးရေ၏ ထက်ဝက်။ (ဂ) အလုပ်အမှုဆောင်အဖွဲ့ ပုံမှန်အစည်းအဝေး ။ ။ အလုပ်အမှုဆောင်အဖွဲ့ဝင်ဦးရေ၏ ၃ ပုံ၁ ပုံ။ (ဃ) အလုပ်အမှုဆောင်အဖွဲ့အထူးအရေးပေါ်အစည်းအဝေး။ ။ အလုပ်အမှုဆောင်အဖွဲ့ဝင်ဦးရေ၏ ထက်ဝက်။ (င) အသင်းဝင်အားလုံး၏နှစ်ပတ်လည်အစည်းအဝေး။ ။အလုပ်အမှုဆောင်အဖွဲ့ဝင်ဦးရေထက်ကျော်လွန်သော အသင်း ဝင်များ။ |
၄၂။ အစည်းအဝေးရွှေ့ဆိုင်းခြင်း |
(က) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပုံမှန်အစည်းအဝေးတွင် အစည်းအဝေးစရန် သတ်မှတ်ထားသော အချိန်ကျော်လွန်ပြီး မိနစ် (၃၀) အထိ အစည်းအဝေးထမြောက်ရန်အတွက်အနည်းဆုံးလိုအပ်သော အမှုဆောင်အဖွဲ့ဝင်အရေအတွက် မပြည့်မီခဲ့ပါက ထိုအစည်းအဝေးကို ရက်သတ္တပတ်(၂)ပတ် အတွင်း ထပ်မံကျင်းပရန် ရွှေ့ဆိုင်းရမည်။ထိုရွှေ့ဆိုင်းလိုက်သည့် အစည်းအဝေးကိုမှု တက်ရောက်လာသမျှ အလုပ် အမှုဆောင်အဖွဲ့ဝင်ဦးရေနှင့်ပင် အစည်းအဝေးကျင်းပ၍ ထမြောက်အောင်မြင်သည်ဟု မှတ်ယူရမည်။ (ခ) အလုပ်အမှုဆောင်အဖွဲ့ ပုံမှန်အစည်းအဝေးတွင် အစည်းအဝေးစရန် သတ်မှတ်ထားသော အချိန်ကျော်လွန် ပြီး မိနစ်(၃၀)အထိ အစည်းအဝေးထမြောက်ရန်အတွက်အနည်းဆုံးလိုအပ်သော အမှုဆောင်အဖွဲ့ဝင် အရေအတွက် မပြည့်မီခဲ့ပါက ထိုအစည်းအဝေးကို ရက်သတ္တပတ်(၂) ပတ်အတွင်းထပ်မံကျင်းပရန် ရွှေ့ဆိုင်းရ မည်။ ထိုရွှေ့ဆိုင်းလိုက်သည့် အစည်းအဝေးကိုမှု တက်ရောက်လာသမျှ အလုပ်အမှုဆောင် အဖွဲ့ဝင်ဦးရေနှင့် ပင် အစည်းအဝေးကျင်းပ၍ ထမြောက်အောင်မြင်သည်ဟု မှတ်ယူရမည်။ (ဂ) အသင်းဝင်စုံညီ နှစ်ပတ်လည် အစည်းအဝေးတွင် အစည်းအဝေးစရန် သတ်မှတ်ထားသောအချိန်ကို ကျော်လွန်ပြီး တစ်နာရီအထိ အစည်းအဝေးထမြောက်ရန်အတွက်အနည်းဆုံးလိုအပ်သော အသင်းဝင်အရေ အတွက် မပြည့်မီခဲ့ပါက ထိုအစည်းအဝေးကို ရက်သတ္တပတ်(၂) ပတ်အတွင်း ထပ်မံကျင်းပရန် ရွှေ့ဆိုင်းရမည်။ ထိုရွှေ့ဆိုင်းလိုက်သည့် အစည်းအဝေးကိုမှု တက်ရောက်လာသမျှ အဖွဲ့ဝင်ဦးရေနှင့်ပင် အစည်းအဝေးကျင်းပ၍ ထမြောက်အောင်မြင်သည်ဟုမှတ်ယူရမည်။ (ဃ) အရေးပေါ် အသင်းဝင်စုံညီ အစည်းအဝေးတွင်အစည်းအဝေးစရန် သတ်မှတ်ထားသော အချိန်ကျော်လွန် ပြီး တစ်နာရီအထိ အစည်းအဝေးထမြောက်ရန်အတွက် အနည်းဆုံး လိုအပ်သော အသင်းဝင်အရေအတွက် မပြည့်မီခဲ့ပါက ထိုအစည်းအဝေါ်ကို ရက်သတ္တပတ် (၂) ပတ် အတွင်းထပ်မံ ကျင်းပရန် ရွှေ့ဆိုင်းရမည်။ ထိုရွှေ့ ဆိုင်းလိုက်သည့်အစည်းအဝေး ကိုမှု တက်ရောက်လာသမျှ အဖွဲ့ဝင်ဦးရေနှင့်ပင် အစည်းအဝေးကျင်းပ၍ ထမြောက် အောင်မြင်သည်ဟု မှတ်ယူရမည်။ |
အခန်း (၁၀)
ပြင်ဆင်ခြင်း၊ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်း |
---|
၄၃။ အသင်း၏ ဖွဲ့စည်းပုံနှင့် အခြေခံစည်းမျဉ်းတွင် ပါရှိသော အကြောင်းအရာများအား ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်း စသည်တို့ကို ပြုလုပ်လိုပါက အသင်းဝင်စုံညီနှစ်ပတ်လည် အစည်းအဝေးသို့တက် ရောက်သော အသင်းဝင်အများစုဆန္ဒဖြင့် ဆောင်ရွက်ရမည်။ |
၄၄။ ပြင်ဆင်၊ဖြည့်စွက်၊ နှုတ်ပယ်လိုသော အချက်အလက်တို့အား စာဖြင့် အလုပ်အမှုဆောင်အဖွဲ့သို့ အသင်းဝင်စုံညီအစည်းအဝေးမတိုင်မီ တစ်လကြိုတင်ပေးပို့ထားရမည်။ |
၄၅။ ခြွင်းချက်အနေဖြင့် ဖွဲ့စည်းပုံးစည်းမျဉ်းအား အရေးပေါ် ပြင်ဆင်၊ ဖြည့်စွက်၊နှုတ်ပယ်ရန် လိုအပ်လာလျှင် နာယကအဖွဲ့၏ သဘောတူညီချက်ဖြင့် အနီးဆုံးခေါ်ယူသော အလုပ်အမှုဆောင်အစည်းအဝေး၌ ဆွေးနွေး၍ အလုပ်အမှုဆောင်အများစုန္ဒဖြင့် ဆောင်ရွက်နိုင်သည်။ |
၄၆။ ခြွင်းချက်အနေဖြင့်ဆောင်ရွက်ထားသော ဖွဲ့စည်းပုံ စည်းမျဉ်းပြင်ဆင်၊ ဖြည့်စွက်၊ နှုတ်ပယ်ချက်များကို အနီးဆုံးခေါ်ယူသော အသင်းဝင်စုံညီ အစည်းအဝေးတွင် တင်ပြ၍ဆန္ဒခံယူရမည်။ အသင်းဝင်စုံညီအစည်းအဝေး ၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။ |
၄၇။ အလုပ်အမှုဆောင်အဖွဲ့သည် ဖွဲ့စည်းပုံနှင့် အခြေခံစည်းမျဉ်းနှင့် မဆန့်ကျင်သော၊ လိုက်လျောညီထွေရှိသော စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ပြဌာန်းနိုင်ခွင့်ရှိသည်။ |
၄၈။ ပြဌာန်းပြီးသော စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို အနီးဆုံးခေါ်ယူသော အသင်းဝင်စုံညီ အစည်းအဝေးတွင် တင်ပြ အတည်ပြုရမည်။ |
၄၉။ လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်း |
ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် အလုပ်အမှုဆောင်အဖွဲ့မှ အနည်းဆုံးတစ်ဦး ဦးဆောင်ပြီး လိုအပ် သော လုပ်ငန်းကော်မတီများကို အသင်းဝင်များဖြင့် ဖွဲ့စည်းနိုင်ပါသည်။ |
၅၀။ ဥပဒေအကြံရယူခြင်း |
အသင်း၏ ဥပဒေရေးရာများနှင့် ပတ်သက်၍ အစိုးရ၏ တရားဝင်ဥပဒေရေးရာ အဖွဲ့များ၊ ပြင်ပဥပဒေပညာရှင် အဖွဲ့များ၊ ဥပဒေပညာရှင်တစ်ဦးချင်းစီမှလည်းကောင်း အကြံဉာဏ် ရယူခံပိုင်ခွင့်ရှိသည်။ |
အခန်း (၁၁)
အထွေထွေ |
---|
၅၁။ အသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အဆက်ဆက်သည် စတင်ဖွဲ့စည်းချိန်မှစ၍ ရရှိသောရံပုံငွေများ၊ အသင်းပိုင် ရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ အသင်းပိုင် မရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ အသင်း၏ ရပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို ဆက်ခံဆောင်ရွက်ရမည်။ |
၅၂။ အသင်း၏ ရည်ရွယ်ချက်များကို ဖော်ဆောင်ရန်အတွက် ကိုယ်ပိုင်ပြဌာန်းဆုံးဖြတ်ပိုင်ခွင့်ရှိသော တရားဝင်အဖွဲ့ အစည်းအဖြစ် ရပ်တည်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ |
၅၃။ အသင်း၏ ရည်ရွယ်ချက်များကို ဖော်ဆောင်ရန်အတွက် တရားဝင်အဖွဲ့အစည်းအဖြစ် ရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို တစ်စိတ်တပိုင်း ကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ စီမံခန့်ခွဲခြင်း၊ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် လွှဲပြောင်းခြင်းတို့ကို အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ |
၅၄။ အသင်းသည် နိုင်ငံတကာရှိ လူမှုရေးအဖွဲ့များနှင့် လွတ်လပ်စွာ ဆက်သွယ်ဆောင်ရွက်ခွင့်ရှိသည်။ |
ဖျက်သိမ်းခြင်း |
---|
၅၅။ အသင်းကို အကြောင်းအမျိုးမျိုးကြောင့် ဖျက်သိမ်းရန် လိုအပ်လာလျှင် အရေးပေါ်အသင်းဝင်စုံညီအစည်းအဝေး၏ သဘောတူညီချက်ဖြင့် အသင်းအဖွဲ့များဖွဲ့စည်းခွင့်ပြုရေး နှင့် ကြီးကြပ်ရေးအဖွဲ့သို့ အကြောင်းကြား စာရင်းရှင်း လင်းဖျက်သိမ်းနိုင်သည်။ |
၅၆။ အသင်းကို ဖျက်သိမ်းသောအခါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအဖွဲ့ဖွဲ့စည်းပြီး အသင်း၏ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်တို့ကို ကြီးကြပ်ဆောင်ရွက်စေရမည်။ |
အတည်ပြုခြင်း |
---|
၆၇။ အသင်းဖွဲ့စည်းပုံစည်းမျဉ်းကို ၂၀၁၈-ခုနှစ်၊မတ်လ (၂၄) ရက်နေ့တွင် ကျင်းပသော ဗဟိုအလုပ်အမှု ဆောင်အဖွဲ့အစည်းအဝေး၌ ဖတ်ကြားတင်သွင်း၍ တက်ရောက်သူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံး က သဘောဆန္ဒတူညီစွာဖြင့် အတည်ပြုသည်။ |