အသင်းဝင်အဆင့် သတ်မှတ်ခြင်းနှင့် အတည်ပြုခြင်း
အသင်းဝင်အဖြစ် လျှောက်ထားခြင်းနှင့် အတည်ပြုခြင်း
(က) ဓာတုအင်ဂျင်နီယာများအဖြစ် အကျုံးဝင်သူများသည် အသင်းတွင်ပါဝင်ရန် သတ်မှတ်ထားသောပုံစံ ဖြင့် လျှောက်ထားနိုင်သည်။
(ခ) အသင်းသို့ဝင်ခွင့်ရရန် လျှောက်ထားသူများအား အသင်းမှစိစစ်ရွေးချယ်ပြီး အတည်ပြုခြင်း၊ ငြင်းပယ်ခြင်းကို ဆုံးဖြတ်နိုင်သည်။
(ဂ) အသင်းသားအဖြစ် အတည်ပြုခြင်း၊ ငြင်းပယ်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်တွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ၏ ဆုံးဖြတ်ချက်သည် အပြီးသတ်အတည်ဖြစ်သည်။
အသင်းဝင်များသည် အောက်ဖေါ်ပြပါအရည်အချင်းများ ပြည့်မီရန်လိုအပ်သည်။
(က) အသင်း၏ ရည်ရွယ်ချက်၊ အခြေခံမှုနှင့် လုပ်ငန်းစဉ်များကို သိရှိနားလည်လက်ခံ၍ အသင်း၏ တည်ဆဲစည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်နိုင်ခြင်း။
(ခ) အသင်း၏ ဖွဲ့စည်းပုံနှင့် အခြေခံစည်းမျဉ်းပါ လုပ်ငန်းတာဝန်နှင့် တာဝန်ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်လိုစိတ်ရှိရုံမျှမက အသင်းလုပ်ငန်းများအားစိတ်ဝင်တစား ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း။
အသင်းဝင်အဆင့် သတ်မှတ်ခြင်း
(က) ဂုဏ်ထူးဆောင်အသင်းဝင် (Honorary Member)
(ခ) ရာသက်ပန်အသင်းဝင် (Life Member)
(ဂ) အသင်းဝင် (Member)
(ဃ) နိုင်ငံခြားသားအသင်းဝင် (Overseas Member)
(င) ကျောင်းသားအသင်းဝင် (Student Member)
(စ) မိတ်ဖက်လုပ်ငန်းစု ( Corporate Partner)
(က) ဂုဏ်ထူးဆောင်အသင်းဝင် (Honorary Mamber)
အသင်း၏ အကျိုးအတွက် အထူးဆောင်ရွက်နိုင်သည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင် အသင်းဝင်များအဖြစ် အလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ရွေးချယ်သတ်မှတ်နိုင်သည်။
ဂုဏ်ထူးဆောင်အသင်းဝင်များသည် အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးများကို ပေးဆောင်ရန်မလိုအပ်ပါ။
ဂုဏ်ထူးဆောင်အသင်းဝင်များသည် အသင်း၏ နှစ်ပတ်လည်အထွေထွေ အစည်းအဝေးသို့ တက်ရောက် ပါဝင်ဆွေးနွေးအကြံပေးနိုင်သည်။ သို့သော် ရွေးချယ်မှု၊ ဆုံးဖြတ်မှုတို့တွင် ပါဝင်ခြင်းမရှိစေရ။
(ခ) ရာသက်ပန် အသင်းဝင် (Life Member)
အသင်းဝင် (Member) အဖြစ် သက်တမ်း ၁၅ နှစ် နှင့်အထက် ရှိပြီး ရာသက်ပန် အသင်းဝင်အဖြစ် အဆို ပြုလျှောက်ထားလာသော အသင်းဝင်များ(သို့မဟုတ်)၊
ဓာတုအင်ဂျင်နီယာဘွဲ့ရရှိပြီးကာလ (၃၀)နှစ် နှင့်အထက်ရှိသူများကို (သို့မဟုတ်)၊ အသင်းအတွက် ထူးခြားပြောင်မြောက်စွာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော အသင်းဝင် (Member) များကိုလည်းကောင်း၊ ရာသက်ပန်အသင်းဝင်အဖြစ် လျှောက်ထားလာသူများအားလည်းကောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးဖြင့် စိစစ်ဆုံးဖြတ်ချက်ကာ သတ်မှတ်ပေးရမည်။
(ဂ) အသင်းဝင် (Member)
၁။ မြန်မာနိုင်ငံအတွင်းရှိ အစိုးရအသိအမှတ်ပြု နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများမှ ဓါတုအင် ဂျင်နီယာနှင့် ဆက်စပ်ဘာသာရပ်များနှင့် သက်ဆိုင်သော ဘွဲ့၊ ဒီပလိုမာ ရရှိခဲ့သူများ
၂။ ပြည်ပနိုင်ငံတစ်ခုခုရှိ အသိအမှတ်ပြု တက္ကသိုလ်များမှ ဓါတုအင်ဂျင်နီယာနှင့်သက်ဆိုင်သော ဘွဲ့၊ ဒီပလိုမာရရှိသူမြန်မာနိုင်ငံသားများ
(ဃ) နိုင်ငံခြားသားအသင်းဝင် (Overseas Member)
မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ပြီး အခြားနိုင်ငံသားအဖြစ် ခံယူထားပြီးဖြစ်သောဓာတုအင်ဂျင်နီယာများ
(င) ကျောင်းသားအသင်းဝင် (Student Member)
နည်းပညာတက္ကသိုလ်များတွင်တက်ရောက်ဆဲကျောင်းသားကျောင်းသူများ၊ကျောင်းသားအသင်းဝင်များသည်အသင်း၏နှစ်ပတ်လည်အထွေ ထွေ အစည်းအဝေးသို့တက်ရောက်ပါဝင် ဆွေးနွေးအကြံပေးနိုင်သည်။ သို့သော်ရွေးချယ်မှု၊
ဆုံးဖြတ်မှုတို့တွင် ပါဝင်ခြင်းမရှိစေရ။
(စ) မိတ်ဖတ်လုပ်ငန်းစု ( Corporate Member)
အသင်း၏လုပ်ငန်းများကို စိတ်ပါဝင်စားပြီး အသင်း၏ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လိုသော မှတ်ပုံတင်ထားပြီး ကုမ္ပဏီများ၊ လုပ်ငန်းစုများအနေဖြင့် မိတ်ဖတ် လုပ်ငန်းစု (Corporate Member) အဖြစ် လျှောက်ထားရမည်။
မိတ်ဖတ်လုပ်ငန်းစုများသည် အသင်း၏နှစ်ပတ်လည် အထွေထွေအစည်းအဝေး သို့တက်ရောက်ပါဝင် ဆွေးနွေးအကြံပေးနိုင်သည်။ သို့သော် ရွေးချယ်နိုင်မှု၊ ဆုံးဖြတ်မှုတို့တွင် ပါဝင်ခြင်းမရှိစေရ။
အသင်းဝင်လက်မှတ်
အသင်းသို့ ဝင်ခွင့်ရသောသူအား အသင်းဝင်ဖြစ်ကြောင်း အသိအမှတ်ဖြစ်စေခြင်း အလို့ငှာ၊ အလုပ် အမှုဆောင်အဖွဲ့က ပြဌာန်းထားသည့် အသင်းဝင်လက်မှတ်ကဒ်ပြားကို အသင်း တံဆိပ်ရိုက်နှိပ်ပြီး၊ အသင်းဥက္ကဌ သို့မဟုတ် အတွင်းရေးမှုူးက လက်မှတ်ထိုး၍ ထုတ်ပေးရမည်။ အသင်းဝင် လက်မှတ်တွင် သက်ဆိုင်ရာ အသင်းဝင်၏ ဓါတ်ပုံနှင့် ထိုးမြဲလက်မှတ်ပုံစံပါရှိရမည်။
၁၃။ အသင်းဝင်များသည် အသင်းသို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ သတ်မှတ်သည့်နှုန်းအတိုင်း အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးကို ထည့်ဝင်ရမည်။
အသင်းဝင်တို့၏ တာဝန်ဝတ္တရားများနှင့် အကျိုးခံစားခွင့်များ
အသင်းဝင်တို့၏ တာဝန်ဝတ္တရားများ
(က) အသင်းဝင်များသည် နှစ်စဉ်ကြေးကို သတ်မှတ်ထားသည့်ကာလအတွင်း ပေးသွင်းရမည်။
(ခ) အသင်းဝင်များသည် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို အစဉ်လိုက်နာ ရမည်။
(ဂ) အသင်းဝင်များသည် အသင်းမှ အခါအားလျော်စွာ ပေးအပ်ထားသောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရမည်။
(ဃ) အသင်းဝင်များသည် အသင်း၏အမည်၊ ဂုဏ်သတင်းနှင့် အကျိုးကျေးဇူးကို ထိခိုက်စေမည့်အပြုအမှု ၊ အပြောအဆို၊ လှုပ်ရှားမှုများကို မပြုလုပ်ရ။
အသင်းဝင်တို့၏ အကျိုးခံစားခွင့်များ
(က) အသင်းမှကျင်းပသော လှုပ်ရှားမှုများ၊ ဟောပြောပွဲသင်တန်း၊ ဆွေးနွေးပွဲ၊ လေ့လာရေးခရီးတို့တွင် တက်ရောက်ပါဝင်နိုင်သည်။
(ခ) အသင်းဝင်များသည် အလုပ်အမှုဆောင်အဖွဲ့မှ ဖွဲ့စည်းပေးသော အဖွဲ့ငယ် (Sub- Committee) တို့တွင် ပါဝင်ဆောင်ရွက်နိုင်သည်။
(ဂ) အသင်းမှ အခါအားလျော်စွာဆောင်ရွက်သည့် လှုမှုရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ ပါဝင်နိုင်သည်။
(ဃ) အသင်း၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ တက်ရောက်ပါဝင်ဆွေးနွေး အကြံပေးခြင်း၊ အသင်းသို့ အချိန်မရွေး စာဖြင့်ရေးသားအကြံပေးခြင်း ပြုလုပ်နိုင်သည်။
(င) အသင်းဝင်များ၏ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ စဉ်ဆက်မပြတ်တိုးတက်မှုရရှိစေရး အစီအစဉ်များတွင် ပါဝင်ခွင့်ရှိသည်။
(စ) အသင်းနှင့် ချိတ်ဆက်ထားသော အခြားဝန်ဆောင်မှုလုပ်ငန်းများတွင် အသင်းဝင်များအနေဖြင့် အထူးခံစားခွင့်များရယူနိုင်သည်။
(ဆ) အသင်းနှင့် ချိတ်ဆက်လာသော အလုပ်အကိုင်အခွင့်အလမ်းများအတွက် အသင်းဝင်များအနေဖြင့် ဦးစားပေးအခွင့်အရေးရယူနိုင်သည်။
အသင်း၏ ကိုယ်စားလှယ်များ
(က) အသင်း၏ ကိုယ်စားလှယ်များခန့်အပ်ခြင်း
တရားဝင်ကိုယ်ပိုင် အခွင့်အရေးရှိသော အဖွဲ့အစည်းတစ်ရပ်အနေဖြင့် အစိုးရ ဆိုင်ရာ ရုံးဌာနဆိုင်ရာကိစ္စရပ်များ၊ တရားရုံးများ၊ ခုံရုံးများ၊ အစည်းအဝေးများ၊ ညီလာခံများ၊ ပုဂ္ဂလိကဆိုင်ရာ ရုံးဌာနဆိုင်ရာ ကိစ္စရပ်များ၊ အစည်းအဝေးများ၊ ခုံရုံးများ၊ ညီလာခံများ၊ တွေ့ဆုံပွဲများတွင် အသင်း၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်ရန် မည်သည့်အသင်းဝင်ကိုမဆို အလုပ်အမှုဆောင်အဖွဲ့က အသင်း ၏ကိုယ်စားလှယ်အဖြစ် ခန့်အပ်နိုင်သည်။
(ခ) အသင်း၏ ကိုယ်စားလှယ်များ လိုက်နာရန်စည်းကမ်း
အသင်း၏ ကိုယ်စားတက်ရောက်ရသည့် ကိုယ်စားလှယ်သည် အသင်း၏ ညွှန်ကြားချက်ကို နာခံ၍ဆောင်ရွက်ရမည်။ အသင်း၏ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သည့် အသင်းသားသည် ပြည် ထောင်စုမြန်မာနိုင်ငံ၏ အကျိုးစီးပွားထိခိုက်ရန် ဖြစ်ပေါ်ပေါက်လျှင် အနီးကပ်ဆုံး အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးသို့တင်ပြ၍ လမ်းညွှန်ချက်ရယူရမည်။ အကယ်၍ အချိန်မရလျှင် ဥက္ကဌ၊ ဒုဥက္ကဌများနှင့် အတွင်းရေးမှူး တို့အနက်မှ အနည်းဆုံး(၂) ဦးဖြင့် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ရမည်။
အသင်းဝင်အဖြစ်မှ နုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်း၊ ရပ်စဲခြင်းနှင့် အယူခံနိုင်ခွင့်
အသင်းဝင်အဖြစ်မှ နုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်း၊ ရပ်စဲခြင်းနှင့် အယူခံနိုင်ခွင့်တို့နှင့် စပ်လျဉ်း၍ အောက်ပါစည်းကမ်းချက်များ အတိုင်းဆောင်ရွက်ရမည်။
နုတ်ထွက်ခြင်း
မည်သည့်အသင်းဝင်မဆို အသင်းမှ နုတ်ထွက်လိုလျှင် အတွင်းရေးမှူးထံသို့ မိမိနုတ်ထွက်လို ကြောင်းစာဖြင့်(၁)လကြိုတင်အကြောင်းကြားရမည်။ နုတ်ထွက်လိုသောအသင်းဝင်သည်အသင်းသို့ ပေးရန် တာဝန် များကို အကျေအလည်ပေးဆောင်ပြီး၊ ရှင်းလင်းရန် ကိစ္စများကို အပြီးရှင်းလင်းပြီးမှ နုတ်ထွက်နိုင်သည်။ အလုပ်အမှုဆောင်အဖွဲ့သည် နုတ်ထွက်ခွင့်ကိုသဘောမတူပါက တစ်လအတွင်းအကြာင်းပြန်ရမည်။ အလုပ်အမှု ဆောင်အဖွဲ့၏ နုတ်ထွက်ခွင့်ငြင်းပယ်လွှာကို တစ်လအတွင်းမရရှိပါက အသင်းဝင်အဖြစ်မှ အလိုအလျောက် နုတ်ထွက်ပြီးဖြစ်သည်။ နုတ်ထွက်သောအသင်းဝင်သည် မိမိကြိုတင်ပေးဆောင်ထားသော ငွေကြေးတစ်စုံတစ်ရာကို ပြန်လည်တောင်းဆိုခွင့်မရှိစေရ။
ဆိုင်းငံ့ခြင်း၊ ထုတ်ပယ်ခြင်း
အသင်းဝင်တစ်ဦးအား အောက်ပါ အကြောင်းတစ်ခုခုကြောင့် အသင်းဝင်အဖြစ် ဆက်လက်ထားရှိရန် မသင့်လျော်ဟုယူဆလျှင် ဆိုင်းငံ့ (သို့မဟုတ်) ထုတ်ပယ်ရန် မည်သည့်အလုပ် အမှုဆောင်အဖွဲ့ဝင်မဆို အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးသို့ တင်ပြအကြံပေးနိုင်သည်။ ထိုတင်ပြချက်ကို အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးသို့ တက်ရောက်မဲပေးသော အဖွဲ့ဝင်ဦးရေ၏ ထက်ဝက် ကျော်သော လျှိ့ဝှက်မဲဖြင့် ဆုံးဖြတ်စေရမည်။
(၁) အင်ဂျင်နီယာကျင့်ဝတ် စည်းကမ်းများကို ဖောက်ဖျက်သောအခါ
(၂) အသင်း၏ဂုဏ်သိက္ခာကို ထိခိုက်စေသော ရာဇဝတ်မှု ကျူးလွန်ကြောင်း ထင်ရှားစီရင်ခြင်းခံရသော အခါ
(၃) အသင်း၏လုပ်ငန်းစဉ်နှင့် ရည်ရွယ်ချက်ကိုဆန့်ကျင်လျက် အသင်း၏ အကျိုးစီးပွားကို ထိခိုက်အောင် ပြုမူ ဆောင်ရွက်သောအခါ
(၄) အသင်း၏ အမည်၊တံဆိပ်နှင့် ၎င်း၏အသင်းသား ဖြစ်တည်မှုကို အသုံးချပြီး မမှန်မကန်အလွဲသုံးစား ပြုလုပ်သောအခါ
အသင်းဝင်အဖြစ်မှ အလိုအလျောက်ရပ်စဲခြင်း
အောက်ဖော်ပြပါ အကြောင်းအချက်တစ်ခုခုဖြစ်ပေါ်ပါက အဆိုပါ အသင်းဝင်အား အသင်းဝင်အဖြစ်မှ အလိုအလျောက်ရပ်စဲပြီးဖြစ်စေရမည်။
(၁) သေဆုံးသောအခါ
(၂) သာသနာ့ဘောင်ကို ထာဝစဉ်ဝင်ရောက်သွားသောအခါ
(၃) ရူးသွပ်ရောဂါ စွဲကပ်သွားသောအခါ
အယူခံနိုင်ခွင့်
အသင်းဝင်အဖြစ်မှထုတ်ပယ်ခြင်းခံရသူများသည် ကျေနပ်မှုမရှိပါက အနီးကပ်ဆုံးပြုလုပ်သည့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့အစည်းအဝေးသို့ အယူခံဝင်နိုင်ခွင့်ရှိသည်။ ထိုအစည်းအဝေး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်် အတည်ဖြစ်သည်။